ဆရာလေး ခေမာရံသီ၏ ဘဝဖြစ်စဉ်
ဆရာလေး မေမာရံသီကို မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် (၁၉၈၆)ခုနှစ်၌ ဖွားမြင်ခဲ့ပါသည်။ ဖခမည်းတော် ဦးစိုးထွန်း နှင့် မယ်တော် ဒေါ်မေစီတို့၏ အကြီးဆုံးသမီးဖြစ်ပါသည်။ လူအမည်မှာ မချစ်မြတ်နိုး ဖြစ်ပါသည်။ မချစ်မြတ်နိုးသည် ဆရာလေးဘဝ မတိုင်မီ ရွှေဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပါသည်။ ကွန်ပျူတာတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပြီး အိမ်ထောင်ရှင်မတစ်ဦးလည်း ဖြစ်ခဲ့ပါသည်။ သားလေးတစ်ဦးဖွားမြင်ခဲ့ပြီး သားလေး(၁၀)လသားအရွယ်တွင် “ငါ တရားကျင့်မည်” ဟူသော ကြိုတင်စဉ်းစားထားခြင်းမျိုးမဟုတ်ပါဘဲ ဝိပဿနာ တရားစာအုပ် တစ်အုပ်တွင် “ပုဂ္ဂိုလ် သတ္တဝါ တစ်ဦးတစ်ယောက် မရှိဘူး၊ ရုပ် နာမ် နှစ်ပါး ခန္ဓာငါးပါး ဒုက္ခသစ္စာပဲ တကယ်ရှိတယ်” ဟူ၍ စတင်ဖတ်မိချိန်မှာပင် မြတ်စွာဘုရားရှင်၏ တရားအစစ်ကို နက်ရှိုင်းသော သဒ္ဓါတရားဖြင့် နှစ်သက်လက်ခံခဲ့ပါသည်။ မိသားစုတာဝန်များတစ်ဖက်၊ ရွှေဆိုင်ထိုင်ရင်းတစ်ဖက်ဖြင့် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် အမှန်တရားအစစ်ကို အဆုံးစွန်ထိ သိသည့်တိုင်အောင် ကြိုးစားမည် ဟူသော ရည်ရွယ်ချက်ထားကာ မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တာနုပဿနာတရားဖြင့် နေစဉ်မှာပင် စတင်အားထုတ်ခဲ့ပါသည်။ တရားထိုင်ချိန်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိခဲ့ဘဲ ရိပ်သာဝင်ပြီး အားထုတ်ရန် အခွင့်အရေးလည်း မရှိခဲ့ပါ။ သာသနာ့ဘောင်ဝင်ပြီးမှ အစွဲများကို စွန့်လွှတ်ခဲ့သည်မဟုတ်ပါဘဲ လူဝတ်ကြောင်ဖြင့် နေစဉ်မှာ စတင်တရားအားထုတ်စဉ်ကတည်းကပင် စိတ်စွဲ၊ရုပ်စွဲ၊သားသမီးစွဲ တို့ကို စဖြတ်ခဲ့ပါသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ “ တစ်ဦးတစ်ယောက်ကြောင့် တရား အားမထုတ်ဖြစ်ဘူးဆိုရင် အဲ့ဒီတစ်ဦးတစ်ယောက်ဟာ ကိုယ့်ကို တစ်သံသရာလုံး ဒုက္ခပေးမဲ့သူပဲ ကိုယ့်ကို အပယ်ဆွဲချမဲ့သူပဲ ဖြစ်လိမ့်မယ်” ဟူသော ဩဝါဒကို နှလုံးသွင်းကာ မချစ်မြတ်နိုးသည် ဖြစ်တဲ့စိတ်ကို တစိုက်မတ်မတ် ဝိပဿနာ ရှုမှတ်ရင်း သူမအတွက် အခက်ခဲဆုံးဖြစ်သည့် ပုဂ္ဂိုလ်စွဲ၊ကလေးစွဲတို့ကို ဉာဏ်နှင့် ဖြတ်နိုင်ခဲ့ပါသည်။ အပူပင်မရှိသော ပြီးပြည့်စုံသည့် လူဝတ်ကြောင်ဘဝကို ဖြတ်သန်းရင်း သက်တော် (၂၀) ကတည်းကပင် ဆရာတော်များ၏ ဩဝါဒကို ခံယူကာ တရားပြဆရာမအဖြစ် ယောဂီများကို တရားပြပေးနိုင်ခဲ့ပါသည်။ သက်တော်(၂၄)နှစ်တွင် မချစ်မြတ်နိုးသည် ခင်ပွန်းသည်နှင့် မိမိ၏ ရင်သွေးလေးကိုစွန့်လွှတ်ကာ ဘဝတစ်လျှောက်လုံး သာသနာပြုရန် သာသနာ့ဘောင်ထဲသို့ အပြီးတိုင် ဝင်ရောက်ခဲ့ပါသည်။
ဆရာလေး ခေမာရံသီမှ “တရားအားကိုးလိုက်လို့ မှားစရာမရှိပါဘူး၊ ဆိုးကျိုးဖြစ်စရာမရှိပါဘူး၊ မိမိ၏ တရားအားကိုးမှုကြောင့် မိမိနှင့် ပတ်သတ်သူတွေရော၊ အများကိုပါ တရားအားကိုးတတ်လာအောင် ဆွဲခေါ်ပေးနိုင်ခဲ့ပါတယ်။ ကောင်းကျိုးတွေရှိစေပါတယ်။” လို့ မိန့်ကြားတော်မူပါသည်။
ယခုအခါ ဆရာလေး ခေမာရံသီသည် သုညတဓမ္မရံသီတရားရိပ်သာတွင် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသော ယောဂီများအား အမှန်တကယ် ထိရောက်သော အားထုတ်မှုတို့ဖြင့် အားကြီးသော ဝိပဿနာဉာဏ်ရရှိစေရန်အလို့ငှာ လစဉ် အထူးတရားစခန်းပွဲများ ဖွင့်လှစ်၍ တရားပြပေးလျက်ရှိပါကြောင်း နိဗ္ဗာန် အကျိုးမျှော်ကာ ရေးသားပူဇော်လိုက်ပါသည်။
သုညတဓမ္မရံသီတရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့မှ ရေးသားပူဇော်ပါသည်။