ရိပ်သာစတင်ဖြစ်ပေါ်လာပုံ
သုညတဓမ္မရံသီတရားရိပ်သာကို ဦးစီးပဓာန နာယက ဆရာလေး ခေမာရံသီမှ မိမိ၏ ပိုင်ဆိုင်မှုတို့ကို စွန့်လွှတ်မတည်ကာ (၂၀၁၈)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များစွာ၏ မွန်မြတ်သန့်စင်သော သဒ္ဓါတရားစွမ်းအားတို့ ပေါင်းစုကာ သာသနာပြုလုပ်ငန်းများ ဆထက်ထမ်းပိုး ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အထိ ယောဂီစုစုပေါင်း (၅၀၀၀) နီးပါးခန့်ထိ ရက်တို/ရက်ရှည် လာရောက်အားထုတ်ဖူးကြပြီး ဖြစ်ပါသည်။
ဆရာလေး ခေမာရံသီသည် တရားကိုသာ အဓိကထား၍ အားထုတ်ရန် ရောက်ရှိလာသည့် ယောဂီများအား တရားပြပေးခြင်း၊ နေရာထိုင်ခင်းပေးခြင်း၊ အာဟာရ ဒါနလှူပေးခြင်းတို့ဖြင့် ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပါသည်။ “ကိလေသာဖြစ်လျှင် ဉာဏ်မဖြစ်ဘူး”ဟု မိန့်ကြားထားပြီး “ပစ္စုပ္ပန်တိုင်းမှာ ဉာဏ်ဖြစ်ဖို့” နေစဉ်/ထိုင်စဉ် နှစ်မျိုးလုံးမှာပင် ဘာဝနာပွားများကြရန် ယောဂီများအား တိုက်တွန်းလေ့ရှိပါသည်။ စိတ္တာနုပဿနာနှင့် ဓမ္မာနုပဿနာတို့ကို အဓိကအခြေခံထား တွဲ၍ ဟောပြလေ့ရှိပါသည်။ ယောဂီများအား မြတ်စွာဘုရားရှင်၏ ဝိပဿနာတရားကို လွယ်လင့်တကူ ကောင်းစွာနားလည်သဘောပေါက်စေရန်နှင့် နားလည်ပြီးသည့် တရားများကို စက္ကန့်မလပ် တစိုက်မတ်မတ် အားထုတ်နိုင်စေရန် ဤရိပ်သာကြီးတွင် နေ့ချင်းပြန်/ရက်တို/ရက်ရှည် အားထုတ်ခြင်းကို အမြဲတစေ ကြိုဆိုလျက် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ အသိပေး နှိုးဆော်လိုက်ပါသည်။
သုညတဓမ္မရံသီတရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့မှ ရေးသားသည်။